ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 3, 2016

တကယ်လုပ်ရင် ၂၀၁၆ မှာ အဟုတ် ဖြစ်ရမယ်




နှစ်ဟောင်းကနေ နှစ်သစ် ကူးပြောင်းချိန် တွင် လူတိုင်း လိုလို က နှစ်သစ်၌ အကောင် အထည် ဖော်ရန် ကျန်းမာရေး၊ လူမှုရေး၊ လုပ် ငန်းဆိုင်ရာ သန္နိဋ္ဌာန်များ ချမှတ် လေ့ရှိသည်။

သို့သော်လည်း ပြီး မြောက်သည် အထိ အကောင် အထည် ဖော်သူများက အနည်း ငယ်သာ ရှိပြီး အများစုက အစပိုင်းတွင် စိတ်အား ထက်သန်ကာ နောက်ပိုင်း နဂိုဒုံရင်း ပုံစံကို ပြန် ရောက် သွားကြသည်။

သည်လိုနှစ်သစ်မှာ သန္နိဋ္ဌာန်ချသည့်အရာများကို တကယ် လက်တွေ့ ဖြစ်မြောက်အောင် လုပ်ဆောင်ရန်ခက်ခဲကြတာ အဘယ်ကြောင့်နည်း။ အမှန်တော့သည်လိုဖြစ်ရသည်မှာ မဖြစ်နိုင်သော အရာများကို အတင်းစုံ မှိတ်စိတ်အား ထက်သန်ပြီး ချမှတ် တတ်သောကြောင့်ဖြစ်သည်။

ဥပမာ ကိုယ်အလေးချိန် ပေါင် ၁၅၀ လောက်ရှိသော အမျိုးသမီး တစ် ဦးက ခြောက်လ အတွင်း ဂျနီဖာလိုပက်ဇ်လို ကိုယ်လုံးမျိုး ဖြစ်စေရ မည်ဆိုသော သန္နိဋ္ဌာန် ချမှတ်ခြင်း သည် လက်တွေ့မကျသော မျှော်လင့်ချက်မျိုး ဖြစ်၏။

စိတ်ကကြံ စည်သမျှကို လက်တွေ့လိုက်လုပ်ဖို့က အခက်ဆုံးဖြစ်သည်။ အမေရိကန်နိုင်ငံ ဝစ်ကွန်ဆန် တက္ကသိုလ်က စိတ်ပညာ ပါ မောက္ခခရစ္စတင်းဝီလနိက ‘‘စိတ်သဘော ရပ်တည်ချက်ကို ပြောင်းတာက လွယ်တယ်။ ဒါပေမဲ့ အမူအကျင့်ကို ပြောင်းဖို့ ကတော့ ခက်တယ်။ ကိုယ်က လုပ်မယ်ဆိုရင် အလေ့ အကျင့်တစ်ခု အဖြစ် စွဲလာအောင် လုပ်မှရတယ်’’

ထို့ကြောင့် နှစ်သစ်တွင် သန္နိဋ္ဌာန် ချမှတ်ရာ၌ ဖြစ်နိုင်သည့် အရာများ ကိုသာ ချမှတ်ပါ။ ပြီးမှ တဖြည်းဖြည်းချင်း တိုးမြှင့်လုပ် ဆောင်သွားပါဟု ပညာရှင်များက အကြံပေး ထားသည်။

အောက်ပါ အချက်များက ကျန်းမာရေးလိုက် စားလိုသည့် လူရွယ်လူလတ်ပိုင်း များ အကောင်အထည်ဖော်ရန် လွယ်ကူသော ၂၀၁၆ ခုနှစ်ဆိုင် ရာ ကျန်းမာရေးဆိုင်ရာ ရည်မှန်း ချက်များဖြစ်သည်။

အစားအသောက်ကို စတင် ပြောင်းလဲပါ

အစားအသောက်ရှောင်ရာ မှာ နေ့ချင်းညချင်း ၁၀ ပေါင်ကျ ရမည်ဆိုပြီး အစားအသောက်ကို အလွန်အမင်းလျှော့ချခြင်းထက် ဖြစ်နိုင်ခြေရှိသည်ကိုလုပ်ဆောင်ပါ။

‘‘ငါတော့ ဝိတ်အပြတ်ချ မယ်။ လုံးဝအစားရှောင်မယ်ဆို တာမျိုးထက် အသီးတွေနဲ့ ဟင်း သီးဟင်းရွက်တွေ များများစား မယ်ဆိုတာမျိုးပေါ့။ ဒါမျိုးက လုပ် လို့လည်းဖြစ်နိုင်တယ်။ ထပ်တလဲ လဲလုပ်ပြီး အကျင့်လိုဖြစ်လာ အောင် လုပ်လို့လည်းလွယ်တယ်’’ဟု အမေရိကန်အာဟာရတီဗီ အစီအစဉ်တစ်ခုက အာဟာရပညာ ရှင် ဂွိုင်းဘောယာက အကြံပေး သည်။

ကြိုက်နှစ်သက်သောအစား အသောက်များ အားပါးတရ စား တော့မည်ဆိုလျှင် အင်္ကျီသွားဝယ် ပါက ကိုယ်နှင့်တော်သည့် အဝတ် အစားဆိုဒ်များ ရှာရခက်လာပြီဆို တာကို အောက်မေ့ပါ။ ကိုယ့် ကိုယ်ကိုယ် သတိပေးဆင်ခြင်ပါ။

မီးဖိုချောင်ကို ရှင်းထုတ်ပါ

လူကိုဝစေပြီး ကျန်းမာရေး ထိခိုက်စေသော အာလူးကြော်၊ ဆီကြော်မုန့်များ၊ အဆီအအိမ့်၊ အချို၊ ဆိုဒါအချိုရည်ကဲ့သို့ သကြားများများပါသော ကိုယ်နှင့်မတည့်သည့် စားစရာများကို မီးဖိုချောင် ရေခဲသေတ္တာ၊ကြောင်အိမ်၊ ကားနှင့်အိမ်မှာအလွယ်တကူ မြင်သာသောနေရာများမှ ဖယ်ရှားပါ။

လူမြင်သည့် နေရာများတွင် ကျန်းမာရေးနှင့် သင့်လျော်မည့် ပန်း သီး၊ ငှက်ပျောသီး၊ ရေဘူးများကိုသာထားပါ။ ဗိုက်ဆာလွန်း ပါက ယင်းအစာတွေကိုသာ စားမိမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အမေရိကန် ကော်လ်နယ်တက္ကသိုလ်၏ သုတေသနပြုချက်အရ မီးဖိုချောင် မြင်သာသော နေရာ တွင် ကျန်းမာရေးနှင့်ညီညွတ် သော အစားအစာများထားပြီး စားသော အမျိုးသမီးများသည် ကျန်းမာရေးနှင့် မညီသော အစားအစာများကို ထားသောအမျိုးသမီး များထက် မျှတညီညွတ်သော ကိုယ်အလေးချိန် ရှိတတ်သည် ဟုဆိုသည်။

သရေစာ တစွတ်စွတ်စားခြင်း ရှောင်ပါ

‘‘နေ့ခင်းပိုင်းနဲ့ အိမ်ပြန်ရုံး ဆင်းခါနီးတွေမှာ ဗိုက်ဆာတတ် တဲ့အချိန်တွေပဲ။ ဘာမှမစားဘဲ တောင့်ခံနိုင်ဖို့ခက်တယ်’’ဟု အာ ဟာရပညာရှင်တစ်ဦးကဆိုသည်။ သည်လိုအချိန်မျိုးတွင် အပြင် ထွက်၍ အလွယ်တကူဗိုက်ပြည့် မည့် ခေါက်ဆွဲကြော်၊ ကြက်ကြော်ကဲ့သို့ အစာများ သွားစားခြင်း ထက် ပန်းသီး၊ ငှက်ပျောသီး၊ မာလကာသီးကဲ့သို့ အိတ်ထဲတွင် ဆောင်သော အသီး တစ်မျိုးမျိုး ကိုသာ ထုတ်စားပါ။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းလုပ်ရာတွင် အလွန်အမင်းဝလာကာမှ အသည်းအသန်လုပ်ခြင်းမျိုးထက် နေ့တိုင်းမှန်မှန် မလုပ်မနေရ အရာတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ကျင့်ယူ ပါ။

‘‘လေ့ကျင့်ခန်းလုပ်တာကို သူတို့ရဲ့ပုံမှန်အလေ့အကျင့် တစ် ခုလို သဘောထားလုပ်သူတွေက ဝမှသာကစားပြီး ပိန်သွားတာနဲ့ မလုပ်တော့တဲ့ လူတွေထက်စာ ရင် လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ပိုအောင်မြင်ကြတယ်’’ဟု ဆီ ယက်တဲလ်မြို့က ကိုယ်ကာယ အားကစားနည်းပြ ကရစ္စတန် မက်ကောစ်ကပြောသည်။

ထို့ အပြင် လာမည့်တစ်ပတ်တွင် ဘာလုပ်မည်လဲ ဆိုသည်ကို မစဉ်းစားဘဲ ယခုတစ်ပတ်မှသာ လုပ်စရာရှိသည်ကို လုပ်ဖြစ်အောင်လုပ်ပါ ဟုလည်း သူကအကြံပြု၏။

ဆုပေး ဒဏ်ပေးစနစ်

မိမိရည်မှန်းထားသော နှစ်သစ် ကျန်းမာရေးသန္နိဋ္ဌာန်များ ဖြစ်မြောက်စေရန် မက်လုံးပေးသည့် အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဆုပေး ဒဏ်ပေးစနစ်လည်း ကျင့်သုံးနိုင်သည်။

ဥပမာ တစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်ခြင်းကို မပျက်ကွက်ခဲ့ဘူးဆိုလျှင်၊ အဆီအအိမ့်တွေ မစားခဲ့ဘူးဆိုလျှင် ဆံပင်ညှပ် ဆိုင်သွားပြီး လက်သည်း၊ ခြေ သည်းအလှပြင်ခြင်းမျိုး၊ ရုပ်ရှင် သွားကြည့်ခြင်းမျိုး အပန်းဖြေမှု များလုပ်ပြီး ဆုပေးပါ။

ပျက်ကွက် ခဲ့သည်ဆိုလျှင်တော့ သည်တစ် ပတ် တီဗီမကြည့်ဘဲနေရခြင်းမျိုး၊ ကိုယ်ကြိုက်သည့်အစာကို မစား ဘဲနေခြင်းမျိုးဖြင့် ကိုယ့်ကိုယ် ကိုယ် ဒဏ်ပေးပါ။

ဟင့်အင်း ပြောတတ်လာအောင် ကြိုးစားပါ

တစ်ခါတလေ ‘ဟင့်အင်း ငါမလုပ်ပါရစေနဲ့’ဟု ပြောခြင်းကလည်း အတော်ထိရောက်မှုရှိ သည်။ သူငယ်ချင်းများက ဘီယာ သောက်ရန်ခေါ်သည့်အခါ ညနေ ပိုင်း စားသောက်ဆိုင်တစ်ခုခုသွား ဖို့ခေါ်သည့် အခါမှာ ငြင်းပါ။

ဗိုက် မဆာဘဲ သူများကလာကျွေးလျှင် မစားဘဲ အပြတ်ငြင်းပါ။ သူများ ကိုငြင်းရမှာ အားနာခြင်းထက် ကိုယ့်ဆန္ဒကိုသာ ဦးစားပေးပါ။ ငြင်းပယ်တတ်အောင် ကြိုးစားပါ။

အလုပ်လုပ်ရင်း ခဏလောက် အနားယူပါ၊ တရားထိုင်ပါ

တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် အလုပ်နှင့်ခေတ္တခဏ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားပါ။ အလုပ်လုပ်နေရင်း မျက်စိကို ပိတ်ထားပြီး ဆယ်မိနစ်လောက် အသက်သွင်းရှူထုတ် လုပ်ကြည့် ပါ။ ထို့ပြင် မကြာခဏ တရားထိုင်ခြင်းကလည်း စိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေသည်။

‘‘တရားထိုင်ကြည့်တာက ဦးနှောက်ကိုအားဖြည့်ပေးတာပဲ။ စိတ်အညစ်အကြေးတွေကို ရှင်း ပေးတယ်။ ပြီးတော့ စိတ်ညစ်လို့ ကိုယ်စိတ်ဖိစီးမှု မဖြစ်အောင် လည်း လုပ်ပေးနိုင်တယ်’’ဟု ဆို ဂျိုင်ဆိုသည့် စိတ်ပညာရှင်တစ်ဦး ကပြောသည်။

လုပ်ရမည့် အရာ၊ မလုပ်ရမည့် အရာများကို စာရင်းလုပ်ပါ

လုပ်ရမည့်အရာများကို စာရင်းလုပ်ပြီးပါက သည်အရာ များကို တကယ်လုပ်သင့်သလား၊ လက်တွေ့ကျလား၊ အရေးကြီး လား ကိုယ့်ကိုယ်ကိုယ် မေးပါ။ မလုပ်ရမည့် အရာများကိုလည်း စာရင်းလုပ်ပြီး အထက်ပါအတိုင်း မေးခွန်းထုတ်ပါ။

ထိုသို့ စာရင်းလုပ်ဆုံးဖြတ် ခြင်းက ကိုယ့်စိတ်ထဲက စိတ်ပင် ပန်းမှု၊ မလိုအပ်ဘဲ စွမ်းအင်သုံး ရမှုကို လျော့ပါးသက်သာစေ သည်။

သူငယ်ချင်းများနှင့် အတွေ့အကြုံ မျှဝေပါ

ကျန်းမာရေး လိုက်စားသူ သူငယ်ချင်းများနှင့် အပေါင်း အသင်းဖွဲ့မည့်အချင်းချင်း အတွေ့အကြုံများ မျှဝေပါ။ နည်းလမ်း ကောင်းများကိုမေးပါ။ သူတို့လုပ် သကဲ့သို့ လိုက်လုပ်ကြည့်ပါ။

ဆိုရှယ်မီဒီယာ အင်တာနက် စာမျက်နှာများတွင်လည်း ကျန်းမာရေး လိုက်စားသူများ၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်သူများ အစုအဖွဲ့ များ ရှိတတ်သည် ထိုနေရာမျိုး တွင် မိတ်ဆွေဖွဲ့ အပေါင်းအသင်း လုပ်ပြီး အခြားသူ များ၏ အတွေ့ အကြုံများကို လေ့လာနိုင်သည်။

(Health.com ပါ 21 achievable New Year's resolutions for your health ကို ကိုးကားရေး သားထားပါသည်။)

Originally published at - http://www.7daydaily.com/story/54780


No comments:

Post a Comment