ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

ဇိမ်ခံခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်




၁၉၇၀ ပြည့်နှစ် ၁၉၈၀ ပြည့်နှစ် ကာလ များက ဖြစ်သည်။ သည်ကာလ များမှာ အမေရိကန် ပြည်ထောင်စုသည် နှစ်စဉ် စီးပွားရေး ကောင်းခဲ့၏။ ကမ္ဘာပေါ်က အကြီးဆုံး စီးပွားရေး ဈေးကွက် တစ်ခု ဖြစ်လာသော အချိန်လည်း ဖြစ်သည်။

နိုင်ငံက ချမ်းသာလာ သည့် အတွက် အစိုးရ ကလည်း တိုင်းသူပြည်သားများ သက်သာ ချောင်ချိရေး အတွက် နေရာတကာ ပံ့ပိုးပေး၏။ နိုင်ငံသားများ နေရာ တကာ သက်သက် သာသာ သွားလာနိုင်အောင် ကားပေါ်ကနေ လိုချင် သမျှ အကုန် ရအောင် ဖန်တီးပေးသည်။

စာတိုက်သွားပါက လမ်းလျှောက် စရာမလိုဘဲ ကား ပေါ်ကနေ စာထည့်နိုင်၏။ ဘဏ်သွား ရင်လည်း ထိုအတိုင်းပင်။ ငွေသွင်းငွေထုတ် ကားပေါ်က မဆင်းဘဲ လုပ်နိုင်သည်။ နေရာ တကာမှာ အမြင့်တွေကို လှေကားက လမ်းလျှောက် တက်စရာမလို။ ဓာတ်လှေ ကားများ တပ်ဆင်သည်။ မြို့ကြီးများတွင် လူအတော် များများသည် ပြင်းပြင်း ထန်ထန် လှုပ်ရှားစရာ မလိုဘဲ အရာရာကို သက်သောင့် သက်သာဖြင့် အလွယ် တကူ ရကြ ကုန်သည်။

ထိုကဲ့သို့ သက်သာချောင်ချိ ခြင်းအကျိုးကား နောင် ၁၀ နှစ် လောက်အကြာတွင် သိသိသာသာ ခံစားရပါသည်။ ကောင်းကျိုးရော၊ ဆိုးကျိုးရော ဖြစ်ပါသည်။ နေရာ တကာမှာ မလှုပ်မယှက် အငြိမ့် သားနေရသော၊ ဆိုဒါအချိုရည် များ ဖောဖောသီသီသောက်၊ အ ဆီအအိမ့်ပေါင်းစုံကို စားရသော ဇိမ်ကျကျနေရသော အမေရိကန် နိုင်ငံသားများ သိသိသာသာ ကိုယ်အလေးချိန်များ တိုးပြီး အဝလွန် လာကြသည်။

လူအတော်များများ ဘုတ်ထိုင်း ဝတုတ်ကြီးတွေ ဖြစ်လာကြသည်။ ယခုအချိန်တွင် အဝလွန် ရောဂါသည် အမေရိကန်နိုင်ငံ၌ အရွယ်မရွေး လူတန်းစားပေါင်းစုံ ကို ခြိမ်းခြောက်နေသော ရောဂါ တစ်ခုဖြစ်လာနေပါပြီ။ အဝလွန်ခြင်း၏ နောက်ဆက်တွဲရောဂါများ ဖြစ်သော သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါဖြစ်နှုန်းများလည်း မြင့်လာပါသည်။

‘‘၂၀၀၀ ပြည့်နှစ်လောက် ကတည်းက အဝလွန်တာရဲ့ ဆိုးကျိုးကို လူတွေ အကုန်သိကုန်ပါပြီ။ နေရာတကာမှာ သက်သောင့် သက်သာ နေနိုင်ပေမယ့်လည်း ကိုယ်လက်လှုပ်ရှားမှုရဲ့ အကျိုးကို သိလာကြပြီ။ ဘူတာရုံမှာ ဓာတ်လှေကားတွေ ရှိပေမယ့် လူတွေက လမ်းလျှောက်တယ်။ တချို့ဆို ကားမသုံးဘူး။ စက်ဘီးနဲ့ ရုံးလာကြတယ်။ အထပ်မြင့်တွေ ဆိုလည်း လူတွေက လမ်းလျှောက် တက်တယ်။ မြို့ပြမှာနေပေမယ့် တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှား မှုရှိအောင် ကြိုးစားကြတယ်’’

နေ့ခင်းရုံးဆင်းချိန်မှာ တတ်နိုင်သလောက် သာမန်လှေကားကနေ အတက်အဆင်း လုပ်ပြီး လမ်း လျှောက်ဖြစ်အောင် ငါးလမ်းလောက်ရုံးကနေ ဝေးသောနေရာ မှာ တကူးတက နေ့လယ်စာ သွားစားသူ မေရီလန်းပြည်နယ်က အ သက် (၄၀)အရွယ် ဘာသာစကား ပညာရှင် အမျိုးသမီး အေရီယယ် က ပြောပါသည်။

သူ့အနေဖြင့် အားကစားလေ့ကျင့်ရေးရုံ ပုံမှန် မသွားနိုင်သည့်အတွက် ရုံးမှာပင် ကိုယ်လက်လှုပ်ရှားမှု ရှိအောင် အားထုတ်သည်ဟု ဆိုပါသည်။ အိမ်မှာလည်း တတ်နိုင်သမျှ အိမ်အလုပ်တွေကို လုပ်ဖြစ်အောင် ကြိုးစားလုပ်သည်ဟု ဆိုပါသည်။

အမေရိကန်သူ အေရီယယ် ၏ အယူအဆက မြန်မာနိုင်ငံအ ထက်ပိုင်း မန္တလေးမြို့က ဒေါ်သင်း ကြိုင်၏ အယူအဆနှင့်တော့ တ ခြားစီ။ ဒေါ်သင်းကြိုင် နားလည် တာက ငွေကြေးချမ်းသာလာလေ ခပ်အေးအေး၊ ခပ်ငြိမ်းငြိမ်း ဇိမ်နှင့် သာနေရမည် ဆိုတာပဲ ဖြစ်သည်။ ကွယ်လွန်သူ သူ့မိခင်ကြီးသည်လည်း ချမ်းသာသူဖြစ်သည့် အလျောက် တစ်သက်လုံး ဘာမှ ပင်ပင်ပန်းပန်း မလုပ်။ အိမ်ဖော်တွေ အများကြီးနှင့်နေ၏။ ရေပင် ကိုယ်တိုင် ခပ်မသောက်။

နံနက်မိုးလင်းသည်နှင့် ခပ်ဝဝ ခန္ဓာကိုယ်ပေါ်မှာ အိမ်ဖော်တစ်ဦး သွေးပေးသည့် သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်း။ ချက်ပြုတ်ပြင်ဆင်ပေးတာ ကိုစား။ ယပ်တောင် တဖျပ်ဖျပ်ခတ်ကာ အိမ်ခေါင်းရင်း မှာသာထိုင်ပြီး စီမံခန့်ခွဲ၏။ ထိုသို့ဇိမ်ကျကျ နေခဲ့ရသော သူ့အမေသည် အသက်တော့ သိပ်မရှည်လှ။ အသက် (၅၀)ကျော် ခါစမှပင် နှလုံးသွေးကြောပြတ်ကာ ကွယ်လွန်သွားသည်။

ယခုလည်း ဒေါ်သင်းကြိုင် က သူ့မိခင်အတိုင်းပင် ဖြစ်သည်။ မိသားစု စီးပွားရေးက ကောင်းနေ ၍ အိမ်မှာ လက်တို လက်တောင်း ကူဖော်လောင်ဖက်တွေ အများ ကြီး။ ထို့ကြောင့် သူကလည်း အငြိမ့်သားဖြင့် ချမ်းသာခြင်း သုခကို ခံစားနေထိုင် ခဲ့သည်။

အပြင်ကိုလည်း ကားဖြင့်သာသွားသည်။ အပင်ပန်းလုံးဝမခံ။ ဘာလှုပ်ရှားမှုမှမလုပ်။ ဇိမ်နှင့်သာနေ၏။ ဆီဦးထောပတ် အကောင်းစားများကိုသာ စား၏။ မကြာပါ တဖြည်းဖြည်း ဝလာသော သူ့ကိုယ်လုံးက သူ့ကို လေးပင် လာစေပြီး အနေအထိုင် မသွက်လက်တော့။ အသက် (၄၀)အရွယ်ဆို တာနှင့် မလိုက်ဖက်အောင် သူကအလွန်ဝဖြိုးနေပါပြီ။ မောလည်း မောလွယ်သည်။

မကြာသေးမှီ ကတော့ သူ့ကိုယ် အလေးချိန်ကို သူ မထိန်းနိုင်ဘဲ ချော်လဲရာ ခြေကျိုးသွား၏။ ဆရာဝန်များက သူ့ကို အဆီအအိမ့် လျှော့စားဖို့နှင့် ကိုယ် လက်လှုပ်ရှားမှု လုပ်ရန် အကြံပေး ကြသည်။

‘‘ခက်တာက မြန်မာမှာက ချမ်းသာလာလေ ဘာမှမလုပ်ရဘဲ ဇိမ်နဲ့နေရမယ်လို့ ထင်ကြတယ်။ ကျွန်မတို့ အမျိုးတွေလည်း အဲဒီလို ပဲ အလုပ်သမားခ ဈေးချိုတော့ လည်း လွယ်လွယ်နဲ့ အိမ်အကူခေါ် ကြတယ်။ အိမ်အလုပ် အသေးအ မွှားတောင် မလုပ်ဘဲ အငြိမ့်သား နေကြတယ်။ ငါတို့က ခြေမွေးမီးမလောင် လက်မွေးမီးမလောင်လို့ ဂုဏ်ယူကြတယ်။ အမှန်တော့ ဒီလို မလှုပ်မရှားဘဲ နေတာက ကျန်းမာ ရေးအတွက် ဆိုးကျိုးဖြစ်တယ် ဆိုတာ မသိကြဘူး’’ ဟု မြန်မာနိုင်ငံ နှင့် အမေရိကန် နယူးယောက်အ ကြား မကြာခဏ သွားချည်ပြန် ချည်လုပ်နေသော နယူးယောက် မြို့က ဆရာဝန်မ ဒေါက်တာဝါဝါ က ပြောပါသည်။

ကိုယ်က ချမ်းသာသဖြင့် အိမ်အလုပ်တွေကို လုပ်စရာမလိုသည် ထားဦး။ နေ့စဉ် ကိုယ်လှုပ်ရှားမှု ရှိအောင် အားကစားရုံသွားခြင်း၊ လမ်းလျှောက်ခြင်းများ ကိုတော့ နေ့တိုင်းလုပ်ပေးရမည်ဟု သူက အကြံပေးပါသည်။

သူတို့လို ရန်ကုန်အခြေစိုက် ကုမ္ပဏီဝန်ထမ်းများ အနေဖြင့် လမ်းလျှောက်ဖို့ လျှောက်စရာနေ ရာမရှိပါဟု ရန်ကုန်မြို့ ၃၆ လမ်း သူ မမြတ်မွန်က ဆိုပါသည်။ သည်နှစ်တွေမှာ လမ်းဘေးဈေးသည် များနှင့် ပိတ်ဆို့နေပြီး လမ်းဘေး စင်္ကြံ့ပလက်ဖောင်း ကောင်းကောင်းမရှိခြင်း တို့ကြောင့် ရန်ကုန်မြို့မှာ လမ်းကောင်းကောင်း လျှောက်စရာ နေရာများ သိပ်မရှိ တော့ဟု မမြတ်မွန်က ပြောပါ သည်။

ထို့ကြောင့် သူ့အနေဖြင့် ဝလာသည်ကို သိသော်လည်း အားကစားရုံ သွားရန်လည်း အချိန်မရှိ သလို ရန်ကုန်မှာလည်း တဖြည်းဖြည်းနှင့် လမ်းကောင်းကောင်း လျှောက်ဖို့ နေရာများလည်း ရှား လာပြီဟု ဆိုပါသည်။

‘‘လမ်းလျှောက်ချင်တယ်ဆို ကန်တော်ကြီးတို့၊ အင်းလျားဘက် တို့သွား၊ အဲဒီကိုရောက်ဖို့ကလည်း ကားက ပိတ်ဦးမှာ။ မြို့ထဲမှာက လည်း အရင်လိုမဟုတ်တော့ဘူး။ အရင်တုန်းက ပုဇွန်တောင်နဲ့ အိမ် ကို လမ်းလျှောက် သွားခဲ့တာ။ အခုတော့ လမ်းလျှောက်တာက မသာယာတော့ဘူး။ ဈေးသည်တွေ ရှောင်ရတာနဲ့၊ မိုးတွင်းဆိုရေကြီး တာနဲ့ လမ်းလျှောက်စရာကို မရှိ တော့ပါဘူး။ ကိုယ်လက်လှုပ်ရှား ဖို့ရှိတဲ့ အားကစားကွင်းတွေ ကလည်း အကုန် အိမ်ရာတွေ ဆောက်လိုက်ပြီ’’

အမေရိကန်နိုင်ငံ တစ်ဝန်း ကျန်းမာရေး ဌာနများ ဖွင့်လှစ်ထား သည့် မေရို(Mayo) ကျန်းမာရေး ဌာနက ဆေးပညာရှင်များက မြို့ ပြမှာနေထိုင်ပြီး အားကစားလုပ် ရန်နှင့် လမ်းလျှောက်ရန် အခွင့်အရေးမရှိသူများသည် ဈေးဝယ် ခြင်း၊ အိမ်သန့်ရှင်းရေး လုပ်ခြင်း စသော အိမ်အလုပ်များကို လုပ်ခြင်းဖြင့် တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှု ရှိအောင် လုပ်ရမည်ဆိုသည်။

ဘာ အလုပ်မှ မရှိပါက တစ်နေ့လျှင် ခြေ လှမ်းရေ တစ်သောင်းပြည့်အောင် အိမ်အတွင်း သွားလာလှုပ်ရှားပေး ရမည်။ အိမ်အပေါ်အောက် လှေကားကိုလည်း အတက်အဆင်း မကြာခဏ လုပ်ပေးရမည်ဟု အကြံပြုထား ပါသည်။

ကိုယ်အလေးချိန် လျှော့ချခြင်းဆိုင်ရာ ပညာရှင်များကလည်း ကိုယ်အလေးချိန် လျှော့ချရန် အောက်ပါ အိမ်အလုပ်များကို သူတို့က အကြံပြုထားပါသည်။

ခြံထဲက အလုပ်များ

သစ်ရွက်ကောက်ခြင်း၊ အ မှိုက်သိမ်းခြင်း၊ မြေတူးသစ်ပင် စိုက်ခြင်းတို့ကို နာရီဝက်လုပ်ပါက ၃၁၅ ကယ်လိုရီခန့်ကို ချေဖျက် ပေးနိုင်သည်။ ကားရေဆေးခြင်း နာရီဝက်လုပ်ပါက ၁၄၃ ကယ်လိုရီပမာဏ ချေဖျက်နိုင်၏။ နာရီ ဝက်ခန့် မြက်နုတ်ခြင်းက ၁၁၇ ကယ်လိုရီပမာဏကို ချေဖျက်ပေး နိုင်သည်။

အိမ်တွင်းက အလုပ်များ

ရေချိုးခန်းကို သန့်ရှင်းတိုက် ချွတ်ခြင်းက ကယ်လိုရီ ၂၀၀ ကို နာရီဝက်အတွင်း ချေဖျက်စေ သည်။ ဈေးခြင်းတောင်းများ သယ် မခြင်းက ၁၉၀ ကယ်လိုရီ။ အိမ် ရာပြင်ခြင်းက ၁၃၀ ကယ်လိုရီ။ ပြတင်းပေါက်များ ဖုန်သုတ်ခြင်း က ၁၂၅ ကယ်လိုရီ၊ ပန်းကန် ဆေးခြင်းက ၁၂၅ ကယ်လိုရီ၊ တံမြက်စည်း လှည်းခြင်းက ၉၀ ကယ်လိုရီပမာဏကို ကိုယ်ခန္ဓာကနေ နာရီဝက်အတွင်း ချေဖျက်ပေးပါ သည်။

ထို့အပြင် အိမ်အလုပ်များ လုပ်ခြင်းက ကိုယ်အလေးချိန် လျှော့ချခြင်းအပြင် အခြားအပိုဆု တစ်ခုလည်း ရနိုင်ပါသေးသည်။မိသားစုအတွင်း ချစ်ကြည်ရင်းနှီးမှု ပိုလာခြင်းပင်။ ထို့ကြောင့် ရုပ်ရှင် တစ်ကားရိုက်လျှင် အမေရိကန်ငွေ ဒေါ်လာ ၁၅ သန်းခန့် ဝင်ငွေရှိသည့် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီက သူ၏ ကလေးခြောက်ယောက် အတွက် လိုအပ်သော အိမ်အလုပ်များကို သူကိုယ်တိုင် အချိန်ယူလုပ်ပေးလေ့ ရှိသည်ဟု ဆိုပါသည်။

By - ထားထားမြင့်

Original link - http://www.7daydaily.com/story/51703

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment