ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

ကလေးသူငယ်နဲ့ ကင်ဆာရောဂါ




လူ့အခွင့် အရေး ရှေ့တန်းတင်တဲ့ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတခု ဖြစ်တဲ့ အမေရိကန် မှာတော့ စက်တင်ဘာ လကို ကလေး သူငယ် ကင်ဆာ ရောဂါဆိုင်ရာ သတိမူရေး လ အဖြစ် သတ်မှတ် ထားပါတယ်။

အများအားဖြင့် သိမြင် နားလည် ထားကြတာက ကင်ဆာဆိုရင် အသက်အရွယ် ရလာပြီးမှ ဖြစ်တတ်တာလို့ ယေဘုယျ အားဖြင့် မှတ်သား ထားတာကိုး။ ကလေး သူငယ်တွေ မှာလည်း ကင်ဆာရောဂါ ဖြစ်တယ် ဆိုတာ အသိ ရှိထားဖို့ သတိပြု မိအောင် နှစ်စဉ် စက်တင်ဘာ လကို ကလေးသူငယ် ကင်ဆာရောဂါ သတိမူရေးလ Childhood cancer awareness month of September အဖြစ် သတ်မှတ် ထားကြတာပါ။

ကင်ဆာရောဂါက ကလေးသူငယ်ကို အင်အားတွေ ဆုတ်ယုတ်စေတယ်၊ အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်စေတယ်၊ အရိုးတွေ ပျက်စီးစေတယ်၊ ကိုယ်ခံအား စံနစ်ကို အားနည်းစေပြီး ရောဂါ ပေါင်းစုံ ဝင်ရောက်လာစေပါတယ်။

မိဘ၊ ဆရာတို့ သတိချပ်ဖွယ်များ

ကလေးသူငယ်တွေမှာ ကင်ဆာရောဂါ ဖြစ်တာက လူကြီးမှာ ဖြစ်တာတွေနဲ့ အတန်အသင့် ကွာခြားမှုတော့ ရှိတတ်ပါတယ်။ ကလေးသူငယ်တွေမှာ အဖြစ်အများဆုံး ကင်ဆာတွေကတော့ သွေးကင်ဆာလို့ လူသိများတဲ့ လူကီးမီးယား (Leukemia) ၊ လင်ဖိုးမား (Lymphoma) နဲ့ ဦးနှောက်ကင်ဆာ Brain cancer တွေဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်တွေ ရောက်လာရင်တော့ အရိုးကင်ဆာ ဖြစ်တဲ့ Osteosarcoma က ပိုပြီး အဖြစ်များတယ် ဆိုပါတယ်။

ကင်ဆာအမျိုးအစား အထွေထွေကြောင့် မတူခြားနားတဲ့ ရောဂါလက္ခဏာတွေ၊ ကုထုံးတွေ ရှိသလို ကုသလို့ သက်သာ ပျောက်ကင်းတဲ့ နှုန်းတွေလည်း ကွာခြားကြပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ကင်ဆာ ရောဂါတွေအတွက် ခွဲစိတ်ကုသမှု၊ ကင်ဆာဆေးတွေနဲ့ ကုသမှု၊ ဓာတ်ရောင်ခြည်ပေး ကုသမှုတွေ လုပ်ပြီး ရောဂါ ပျံ့နှံ့မှုကို ကာကွယ် တားဆီး ပေးတာမျိုး လုပ်ကြရပါတယ်။

သတိပြုရမယ့် လက္ခဏာတွေ

ကလေးသူငယ် တယောက်အနေနဲ့ အောက်ပါ လက္ခဏာတွေကို ဆရာ၊ မိဘက သတိပြုမိကြရင် ကင်ဆာ ရောဂါကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်တာ အသိပေးချင်ပါတယ်။ အဲဒါတွေကတော့ –

  • အလွန်အမင်း မောပန်းနွမ်းနယ်တာ
  • အလုံးအကြိတ်တွေ ဖြစ်နေတာ
  • ခေါင်းအမြဲ ကိုက်တယ်ပြောနေတာ
  • မျက်စိအမြင် ကွယ်လာတယ်ပြောတာ
  • လမ်းလျှောက်ရာမှာ၊ ဟန်ချက်ထိန်းဖို့ ကြိုးစားရာမှာ အခက်အခဲရှိလာတာ
  • ပုံမှန်မဟုတ်တဲ့ သွေးယိုစိမ့်မှုတွေ၊ သွေးခြည်ဥမှုတွေ အလိုလို ဖြစ်လာတာ
  • တနေရာရာမှာ အမြဲနာကျင်နေတာက အချိန်ကြာမြင့်လာတာ
  • ကိုယ်အလေးချိန် လျော့ကျပြီး ပိန်လှီလာတာ

အဲသလို အထွေထွေ လက္ခဏာတွေက ကင်ဆာရောဂါကို စဉ်းစားဖို့ အခြေအနေတွေပါ။ ဖြစ်နေတဲ့ ကာလ၊ မြင်ရတဲ့ အထွေထွေ ကျန်းမာရေး အခြေအနေတွေကို ထည့်သွင်း ကြည့်ရပါလိမ့်မယ်။

တချို့ ကလေးတွေကျတော့လည်း တချို့ ကင်ဆာရောဂါရဲ့ အကျိုးသက်ရောက်မှုတွေ အရ စာသင်ယူရာမှာ တိုးတက်မှု မရှိတာကို နာတာရှည်လို တွေ့ရတတ်ပြန်ပါတယ်။ သူတို့ရဲ့ အခက်အခဲတွေကို ကြည့်ရင် –
  • မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု ဆိုင်ရာတွေ အားနည်းတာ
  • လူမှုဆိုင်ရာ ကိစ္စတွေ အားနည်းတာ
  • ပြဿနာ အခက်အခဲ ဖြေရှင်းနိုင်စွမ်း ချို့ယွင်းတာ
  • စာရေးတာ၊ စာလုံးပေါင်းတာ၊ အသံထွက်တာတွေ ခက်ခဲတာ
  • စာဖတ်တာရော၊ အတွက်အချက်ပါ ထုံထိုင်းလာတာ
  • စံနစ်တကျ စုစည်း လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတာ
စတာတွေ တွေ့ရမှာပါ။ တဖြည်းဖြည်း အဲသလို ဖြစ်လာတဲ့ ကလေးသူငယ်တွေကို အမှုမဲ့အမှတ်မဲ့ နေမိတာ၊ အပြစ်ဖို့ ဆူပူတာတွေ မလုပ်မိအောင် သတိပြုပြီး ကင်ဆာ ရောဂါကို သတိမူရမှာပါ။

ကင်ဆာဝေဒနာရှင် ကလေးသူငယ်အတွက်

ကလေးက အလွယ်တကူ မောပန်းလွယ်တာမို့ ကျောင်းချိန်တွေမှာ မကြာခဏ အနားပေးဖို့ လိုအပ်ပါတယ်။ နေထိုင်မကောင်း ဖြစ်လာတာနဲ့ ဆေးခန်းအမြန်ပြပေးဖို့ လိုပါတယ်။ ကျောင်းမှာ စာကို အချိန်ပိုလေးတွေနဲ့ သင်ပေးသင့်ပါတယ်။ ဆေးရုံတက်ရတာ၊ ဆရာဝန်နဲ့ တွေ့ရတာ၊ ဆေးကုသ ခံရတာတွေကြောင့် ကျောင်းပျက်ရက်တွေ များတတ်တာ နားလည်ပေးရပါမယ်။

စာသင်ခန်းရဲ့ ရှေ့ပိုင်းခုံတွေ၊ အိမ်သာနဲ့နီးတဲ့ နေရာတွေမှာ နေရာချပေး သင့်ပါတယ်။

အိမ်စာတွေ ကူညီဖို့၊ အတန်းထဲမှာ စာတွေကူညီပေးဖို့ လိုအပ်သလို၊ စာမေးပွဲမှာ အချိန်ပိုပေးတာမျိုး၊ စာဖြေအစား နှုတ်နဲ့ ဖြေခိုင်းတာမျိုးတွေ သူတို့ နိုင်ငံတွေမှာတော့ လုပ်ပေးကြပါတယ်။

ကလေးတွေမှာ ရောဂါအတွက် စိုးရိမ် ပူပန်မှု ပိုနေတတ်ကြပါတယ်။

ကင်ဆာဆေးတွေကြောင့် ဆံပင်ကျွတ်တာမျိုးတွေ အတွက် စိတ်ညစ်တာမျိုးတွေ ရှိတတ်ပါတယ်။

သီးသန့် ပညာသင်ပေးတာ ဒါမှမဟုတ်၊ ကျောင်းချိန်ကို ညှိနှိုင်းပြီး ပညာသင်စေတာက မဖြစ်မနေ လုပ်ပေးသင့် ပါတယ်။

မိဘ၊ ဆရာတွေ ဘာလုပ်ပေးနိုင်သလဲ

ကလေးနဲ့ ဆယ်ကျော်သက်တွေ အတွက် ကင်ဆာရောဂါ ကုသမှုခံယူရတာ တကယ်တော့ သိပ်ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ကင်ဆာဝေဒနာရှင် ကလေးတွေအဖို့ မိဘ၊ ဆရာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆေးကုသမှု ပေးသူတွေရဲ့ အကူအညီ ပံ့ပိုးမှုတွေ အများကြီး လိုအပ်ပါတယ်။ ကျောင်းမတက်နိုင်ပေမယ့် အိမ်မှာ ကျောင်းစာ လုပ်ချင်စိတ် ရှိနေတာမျိုး ဆိုလည်း စာပေးစာယူ သဘောမျိုးတွေနဲ့ ကူညီလုပ်ဆောင်ခိုင်းတာ ကောင်းပါတယ်။ ကျောင်းကို လာချင်စိတ်ရှိလို့ လာရင်လည်း နွေးထွေးလှိုက်လှဲတဲ့ ကြိုဆိုမှုတွေနဲ့ အားပေးရမှာပါ။

ကလေးသူငယ်တွေမှာ ကင်ဆာနဲ့ ပတ်သက်လို့ သံသယရှိရင် သတိထားဂရုစိုက် ပေးဖို့၊ ကင်ဆာဝေဒနာရှင် ကလေးသူငယ်တွေကို လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ အရေးပါတာကို သူတို့ဆီမှာတော့ စက်တင်ဘာလ ကို ကလေးသူငယ် ကင်ဆာ သတိမူရေးလ အဖြစ် ဆောင်ရွက်ကြကြောင်း ဗဟုသုတအဖြစ် ပြောပြခြင်း ဖြစ်ပါတယ်။ ။

ဧရာဝတီ-သတင်းဋ္ဌာန by Hsu Wai Linn

Original link - http://burma.irrawaddy.org/article/2015/10/03/95990.html

No comments:

Post a Comment