ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ

ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 10, 2016

ဇီကာထက် ပိုကြောက်ဖို့ကောင်းသည် မြန်မာတို့ သေတတ်သော ရောဂါများ




လတ်တလော ရေပန်း စားနေသော ဇီကာထက် ပိုကြောက်ဖို့ ကောင်းသည်။

ဇီကာထက် ပို၍စိုးရိမ်ရသည့် ရောဂါ များက မြန်မာနိုင်ငံတွင် ရှိနေ ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုစာ မက ကြာခဲ့ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဇီကာကြောင့် သေဆုံးသူ မရှိသေး သော်လည်း အဆိုပါ ရောဂါ များကြောင့် နှစ်စဉ် သေဆုံး နေမှုများကို အမှတ်မဲ့ နေကြခြင်း ဖြစ်သည်။

ဇီကာသည် ကူးစက်ရောဂါဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း၏ ထက်ဝက်ကျော်မှာ တစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း မရှိသည့်ရောဂါ တို့ကြောင့်
ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စစ်တမ်းက ဖော်ပြသည်။ နေ့စဉ် စားသောက်မှု၊ နေထိုင်မှုက ယင်းရောဂါများကို ဖိတ်ခေါ်နေသည်။

"ဇီကာထက် ပိုကြောက်ဖို့ ကောင်းတာတွေက အများကြီး ရှိပြီးသားပါ"ဟု နှစ်ပေါင်းငါးဆယ်နီးပါး ဆေးကုသမှု အတွေ့အကြုံ ရှိပြီဖြစ်သည့် ဝါရင့်ဆရာဝန်ကြီး တစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံကို အမှန်တကယ် ခြောက်လှန့်နေသော ထိပ်တန်းရောဂါများမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချိုနှင့် ကူးစက်ရောဂါ မဟုတ်သည့် အခြားရောဂါများ ဖြစ်သည်။

WHO ၏ မြန်မာ့သေဆုံးမှု အချက်အလက်ပြ စစ်တမ်းအရ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအာဟာရ ချို့တဲ့မှု၊ လမစေ့ဘဲ ကလေးမွေးဖွားမှုနှင့် အခြားကူးစက်
ရောဂါတို့ကြောင့် သေဆုံးသူက အများဆုံး ဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းနောက်တွင် အထက်ပါ ထိပ်တန်းရောဂါများ အစဉ်လိုက် ရှိနေသည်။

WHO ၏ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ယင်းနှစ်အတွင်း မြန်မာနိုင်ငံတွင် လူပေါင်း လေးသိန်းလေးသောင်းကျော် သေဆုံးခဲ့သည့်အနက် ၅၉ ရာခိုင်နှုန်းကျော် ဖြစ်သည့်
နှစ်သိန်းခြောက်သောင်း ကျော်မှာ အဆိုပါ ရောဂါများကြောင့်ဖြစ်သည်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြင့် သေဆုံးသူက ၂၅ ရာခိုင်နှုန်း၊ ကင်ဆာက ၁၁ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာဖြင့် ၁၁ ရာခိုင်နှုန်း၊ မကူးစက်နိုင်သည့် အခြားရောဂါများဖြင့် ၁၁ ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါက ၉ ရာခိုင်နှုန်းနှင့် ဆီးချိုက ၃ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာ့လက်ရှိ လူနေမှုစနစ်သည် အဆိုပါ ရောဂါများကို ဖိတ်ခေါ်နေသကဲ့သို့ ရှိခြင်းကလည်း အစိုးရ အပါအဝင် ပြည်သူများ၏ ဦးခေါင်းတို့ကို နောက်ကျိ ကိုက်ခဲစေ မည်ဖြစ်သည်။

တစ်နည်းအားဖြင့် မိမိတို့ကိုယ်တိုင် မည်သည့်ရောဂါဖြင့် သေဆုံးရမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။

ရောဂါများ၏ အခြေခံသည် နေ့စဉ်စားသောက်မှု၊ နေထိုင်မှုများမှတစ်ဆင့် ဖြစ်ပွားရခြင်းသည် လူတစ်ဦးအနေနှင့် အသက်ရှင်ရန် နေ့စဉ် အစားအစာကို မှီဝဲရသည်။ သို့သော် ယင်းကပင် မကြာခဏဆိုသလို အသက်ရှင်သန်မှုကို ဖျက်ဆီးနေကြောင်း မေ့လျော့နေတတ်ကြသည်။

ရေစကြိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်းဖြစ်သူ ဒေါက်တာတင်ဌေးအောင်တွင် မေးခွန်းများ ရှိနေသည်။ အလွယ်တကူဖြင့်ပင် ရောဂါအမျိုးမျိုး ရရှိနိုင်တတ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဖြစ်သည်။

"ကျွန်တော်တို့ ဒီနေ့စားနေတဲ့အထဲက ပြည်သူလူထု အန္တရာယ်ကင်းတဲ့ အစားအသောက်ပါလို့ ရာခိုင်နှုန်း ဘယ်လောက်များများ ဘယ်ဌာနက အာမခံပြီးတော့ စားနေရတာတုန်းဗျာ"ဟု ၎င်းက ဆိုသည်။

စားသုံးဆီ မသန့်မှု၊ အချိုမှုန့် မရှောင်နိုင်မှု၊ အစပ်ကြိုက်ခြင်း၊ အငန် မက်မောခြင်းများအပြင် ဓလေ့ရိုးရာ အကျင့်များက မြန်မာ့ လူမှု ပတ်ဝန်းကျင်တွင် ယဉ်ပါးနေ စွဲမြဲနေသည့် အရာများဖြစ်သည်။

ဈေးကွက်အတွင်း ရောင်းချနေသည့် အခြေခံ စားသောက်ကုန် အများစုတွင် ဒေါက်တာတင်ဌေးအောင်၏ မေးခွန်းကို တုံ့ပြန်သည့် ယုံကြည်စိတ်ချဖွယ် အာမခံမှုမျိုး မရှိပေ။

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဟူ၍ ထားရှိသည်။

ပြည်တွင်းတွင် ရောင်းချနေသည့် စားသောက်ကုန်နှင့် ဆေးဝါးများကို အန္တရာယ်ကင်း။မကင်း၊ သတ်မှတ်စံနှုန်းမီ၊မမီကို စောင့်ကြပ် စစ်ဆေးရသည့် ဌာန တစ်ခုဖြစ်သည်။

သို့သော် အစိုးရ အုပ်ချုပ်ရေး ညံ့ဖျင်းခဲ့သည့် ခေတ်ကာလ၏ အကျိုးဆက်အဖြစ် ယင်းဌာနသည်လည်း ထိရောက်စွာ အလုပ် မလုပ်နိုင်ခဲ့ကြောင်း ပြည်သူများစွာက သိကြပါသည်။

"ဥပမာဆိုပါစို့ဗျာ။ ပြည်သူတစ်ယောက်က သူ့အိမ်ရှေ့က မန်းကျည်းရွက်လေးကို ခူးပြီးတော့ ချက်ရင်တောင်မှ၊ ဘာဆေးမှ မဖျန်းတဲ့ မန်းကျည်းရွက်ကို ခူးပြီး ချက်ရင်တောင်မှ ငါးပိ၊ ဆီ၊ ဆား ထည့်ပြီး သုံးမယ်ဆိုလို့ရှိရင် အဲဒါတွေကကော သြဂဲနစ် ဘယ်လောက်ဖြစ်သလဲ၊ ဘယ်လောက် သန့်ရှင်းသလဲ၊ ဘယ်လောက် အန္တရာယ်ကင်းသလဲ ဘယ်သူ အာမခံလဲဗျာ"ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။
"အဲဒါ အန္တရာယ်တွေပဲဗျ"

စားသောက်ကုန်များကို အတုအပ ပြုလုပ်မှု၊ ပြည်ပမှ တရားမဝင် တင်သွင်းမှုတို့သည် စီးပွားရေး ပညာရပ်တစ်ခုအသွင် ဖြစ်နေခြင်းကလည်း အကြောင်းရင်း တစ်ခုဖြစ်သည်။

ကြက်ဥအတု၊ ဆန်အတု၊ အသားခြောက် အတု၊ ဂေါ်ဖီထုပ်အတု စသည်တို့သည် ကောလာဟလဟု ဆိုသော်လည်း ဆီ၊ ငါးပိ၊ ငါးခြောက်၊ အသား၊ မျှစ်၊ ငရုတ်သီးမှုန့် စသည် တို့တွင် ဓာတုဆိုးဆေးများ၊ တာရှည်ခံဆေးဝါးများ ရောနှောခြင်းများသည် မြင်လွယ်၊ တွေ့လွယ်ပါသည်။

ယင်းတို့အပြင် ကော်ဖီ၊ ခေါက်ဆွဲ ကဲ့သို့သော အသင့်စား အစားအစာများလည်း ပါဝင်သည်။ ကလေးသူငယ်များ၏ မုန့်ပဲသရေစာ များလည်း ပါဝင်သည်။

ဆီလုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံအတွင်းရှိ စားသုံးဆီများ၏ ၈၅ ရာခိုင်နှုန်းမှာ ရောနှောဆီများ ဖြစ်သည်။ ဆီမသန့်ခြင်းသည် အသည်း၊ အူမကြီးနှင့် အစာအိမ် စသည့်တို့တွင် ရောဂါရမည်ဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ အခါအားလျှော်စွာ ထုတ်ပြန်ကြေညာသည့် စာသုံးရန် မသင့်သည့် အစားအသောက်များ စာရင်းကိုကြည့်ပါကလည်း ဈေးကွက်အတွင်းရှိ အခြေခံ အစားအသောက်များအပေါ် စိုးရွံ့ရသည့် အခြေအနေပင်။

ယင်းအပြင် စိုက်ပျိုးရေး လုပ်ငန်းများတွင် သမားရိုးကျ မဟုတ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲခြင်း၏ နောက်ဆက်တွဲသည်လည်း အထက်ပါ ရောဂါများကို အထောက်အပံ့ ဖြစ်စေကြောင်း ပညာရှင်များက မကြာခဏ ဆိုလေ့ရှိသည်။

"ကျွန်တော်တို့ ဖြစ်နေတဲ့ လူမှုဘဝ ပုံစံတွေက အရမ်းဆိုးတာ"ဟု အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားရေးရာ ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ ဇော်လင်းထွဋ်က ဆိုသည်။

ကမ္ဘာ့ လူသေဆုံးမှုများတွင် နှလုံးရောဂါ၊ လေဖြတ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊HIV/AIDSနှင့် အဆုတ်ကင်ဆာ၊ ဆီးချို စသည်တို့ကြောင့် အများဆုံး ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့်မူ အနည်းငယ် ကွဲပြားပါသည်။

ကူးစက်ခြင်း မဟုတ်ဘဲ လူနေမှု ဟန်ပန်ကြောင့် ရောဂါဖြစ်သူများတွင် မကြာသေးခင်ကမှ သေဆုံးခဲ့သည့် အသက် ၅၂ နှစ်အရွယ် ဦးဇော်ကြီးလည်း အပါအဝင်ဖြစ်သည်။

ငယ်စဉ်ကတကည်းက လက်ဖက်ရည်ကို စွဲစွဲမြဲမြဲသောက်သူ၊ တစ်နေ့လျှင် စီးကရက်ကို နှစ်ဘူးခန့် ကုန်အောင်သောက်သူ ဦးဇော်ကြီးအနေနှင့် သေဆုံးချိန်တွင် နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ လေဖြတ် စသည့် ရောဂါတို့ ပေါင်းစုံနေသည်။

သို့သော် လက်ဖက်ရည်နှင့် ဆေးလိပ်ကို အကြိုက် သောက်သော်လည်း ကျန်းမာရေးကိုမူ အလေးထားသူ ဂရုစိုက်သူ တစ်ဦးဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်မော်ကြီးက ဆိုသည်။

"ကျန်းမာရေးကတော့ ဂရုစိုက်သလားမမေးနဲ့ ဗမာဆေး၊ အင်္ဂလိပ်ဆေး၊ ဟင်းထဲ ထည့်စားတဲ့အရွက် အကုန်စားတယ်" ဟု ၎င်းက ဆိုသည်။

ယင်းအချက်ကို ကြည့်လျှင် အသီးအရွက်စား၊ ဆေးမှီဝဲရုံနှင့် ကျန်းမာရေးအတွက် မလုံလောက်ကြောင်း ပြနေသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဆေးရုံတွင် တာဝန်ကျစဉ် ကင်ဆာရောဂါ ဝေဒနာသည်များကို ခွဲစိတ်ကုသခဲ့ရသော ဒေါက်တာ ခင်မောင်တင်၏ အတွေ့အကြုံကလည်း တစ်မျိုးတစ်ဘာသာဖြစ်သည်။

ကင်ဆာရောဂါသည်တို့၏ ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးစဉ် ငါး၊ ပုဇွန် ပေါများစွာ ထွက်ရှိသည့် ယင်းဒေသတွင် ဖမ်းယူရရှိသည့် ငါး၊ ပုဇွန်များကို ဓလေ့ရိုးရာအတိုင်း မီးဖိုတွင် ကျပ်တင်ကာ အခြောက်ထားပြီးမှ စားသုံးလေ့ ရှိသူများ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဒေါက်တာ ခင်မောင်တင်က ဆိုသည်။

အဆိုပါ ကျပ်တင်ထားသည့် အစားအစာသည် ကင်ဆာကို ဖြစ်စေကြောင်း ၎င်းက ကောက်ချက်ချသည်။

၂၀၁၄ ခုနှစ်တွင် နောက်ဆုံး ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မြန်မာတို့၏ လူ့သက်တမ်းသည် ၆၆ ဒသမ ၈ နှစ် ဖြစ်ပါသည်။ အာဆီယံ နိုင်ငံများအတွင်း လာအိုနှင့် အရှေ့တီမောတို့ပြီးလျှင် အနိမ့်ဆုံးဖြစ်သည်။ စင်ကာပူသားတို့သည် ၈၃ နှစ်ဖြင့် အာဆီယံဒေသတွင်း အသက်ရှည်ဆုံး နိုင်ငံဖြစ်သည်။

ကျန်းမာရေးအတွက် အဓိကအရေးပါသည့် သောက်သုံးရေ သုံးစွဲမှုတွင် အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းက ရေကောင်းရေသန့် (ရေပိုက်လိုင်း၊ အဝီစီတွင်း၊ ရေတွင်း (အုတ်စီ)၊ ရေသန့်စက်။ရေဘူး) ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းက ရေကောင်းရေသန့်အတွက် ရုန်းကန်နေရဆဲ။ ယင်လုံအိမ်သာ သုံးစွဲနိုင်မှုကလည်း ၇၄ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် အခြေခံအားဖြင့် ကောင်းမွန်ပြီး ပြည့်စုံသည့် ဖွဲ့စည်းပုံလည်း ရှိနေကြောင်း ဆေးကုသမှု သက်တမ်း
နှစ်ပေါင်း ငါးဆယ်ဝန်းကျင် ရှိပြီဖြစ်သည့် ရန်ကုန်အခြေစိုက် သီရိစန္ဒာ ပုဂ္ဂလိက ဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာ ခင်မောင်တင်က The Voice သို့ ပြောဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဆေးရုံများ၊ ခရိုင် မြို့နယ်အဆင့် တိုက်နယ် ဆေးရုံများမှသည် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၊ သားဖွားနှင့် သူနာပြုများအထိ ရှိနေသည်။

သို့သော် ငွေကြေးနှင့် ဆေးပစ္စည်း ပံ့ပိုးနိုင်မှုက အားနည်းနေကြောင်း တိုင်းဒေသကြီးအဆင့် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၎င်းက ဆိုသည်။

"နောက်ကလိုက်မယ့် ဆေးတို့၊ ဘာတို့ အဲဒါလေး ငွေရေးကြေးရေး အခက်အခဲ ရှိတယ်"

သို့သော် သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းနှင့် ကင်ဆာကဲ့သို့သော ကူးစက်ရောဂါ မဟုတ်သည့် ရောဂါများ အတွက် ပြည်သူ လူထုက ကျန်းမာရေး အသိပညာ နည်းပါးခြင်းက မြန်မာလူ့အဖွဲ့အစည်း၏ ပြဿနာဟု ဒေါက်တာ ခင်မောင်တင်က The Voice သို့ ပြောဆိုသည်။

"စားတာက လက်ဖက်စားတယ်၊ လက်ဖက်က မှိုတက်တယ်၊ မှိုတက်တာလေးကို ဒီလိုလေး ပွတ်ပြီးတော့ (လက်ဟန်ပြ) မြင်နေရဲ့သားနဲ့ ဒီလိုလေး ပွတ်ပြီးတော့ စားတာ"ဟု ၎င်းက ဆိုသည်။

"မှိုက တော်တော်ဆိုးတယ်၊ လက်ကျန်ပစ္စည်း မထားသင့်ဘူး"

မှိုစွဲနေသည့် အစားအစာများကို စားသုံး မိပါက အသည်းရောဂါများ ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။ မှိုသည် စွတ်စိုသည့် အနေထားတွင် စွဲကပ်လေ့ရှိပြီး မိုးများဒေသ များတွင် ပို၍ သတိထား သင့်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ အိမ်ရှင် မများ အသည်းစွဲ ငရုတ်သီး ခြောက် များတွင် မှိုနှင့် မကင်း တတ်ပါ။ ငရုတ်သီး ခြောက်၏ အစေ့တွင် မှိုများ ပါရှိ တတ်သည်။

"အူအတက် ယောင်တာတို့ ဘာတို့ ကတော့ အဓိ ကတော့ မသန့် ရှင်းတဲ့၊ မကြေ ညက်တဲ့ အစား အစာတွေ စားတာ၊ အသက်ရှူ လမ်းကြောင်း၊ အသက်ရှူ ကျပ်တာတို့ ဘာတို့ ကျတော့ ဖုန်တွေ ရှူ တာကြောင့်"ဟု ၎င်းက ဆိုသည်။

အစိုးရ အနေနှင့် ပြည်သူ့ ကျန်းမာရေး ကဏ္ဍ အတွက် သုံးစွဲနိုင် မှုသည်လည်း နိုင်ငံ တကာထက် နိမ့်ကျ နည်းပါး နေသေးသည်။

ပြည်သူများအနေနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် ကိုယ့်အားကိုယ်ကိုး နေရပြီး ဆေးကုသမှု စရိတ်သည် ဆင်းရဲ လှသည့် မြန်မာပြည်သူတို့အတွက် ကြီးမားခက်ခဲစေသည်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် ၂၀ ရာခိုင်နှုန်းကိုသာ အစိုးရက စိုက်ထုတ်နိုင်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ပြည်သူက ကျခံရခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၏ ၂၀၁၂ ခုနှစ်က လူတစ်ဦး၏ ကျန်းမာရေး အသုံးစရိတ်သည် အမေရိကန် ဒေါ်လာ ၄၁၀ (ကျပ် ငါးသိန်းနီးပါး) အသုံးပြုနေပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်သည် ၂၀၁၂ ခုနှစ်က ၂၀ ဒေါ်လာ (ကျပ် နှစ်သောင်းလေးထောင် ဝန်းကျင်) ဖြစ်သည်။

သို့သော် လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်သည် စုစုပေါင်း ကျပ် ၈၅၀ ဘီလီယံဖြစ်ရာ လူတစ်ဦးအတွက် ၁၄ ဒေါ်လာ (ကျပ် တစ်သောင်း ခြောက်ထောင်ကျော်) သာ အသုံးပြုတော့ကြောင်း သိရသည်။

ဖွံ့ဖြိုးပြီး ဥရောပ နိုင်ငံတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံဆိုလျှင် လူတစ်ဦးအတွက် တစ်နှစ်လျှင် ကျပ်ဆယ်သန်းကျော် အသုံးပြုနေသည်။

မြန်မာနိုင်ငံအနေနှင့် တပ်မတော်အတွက် အသုံးစရိတ်က အခြားကဏ္ဍများထက် နှစ်ပေါင်းများစွာ အမြင့်ဆုံးတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာရေး ကဏ္ဍအတွက် သုံးစွဲနိုင်မှုသည် အနိမ့်ဆုံးတွင်သာ ရှိနေသည်။

"ပြည်သူတွေက အဓိက လိုအပ်ချက်က အမြင့်ဆုံးမှာ၊ နိုင်ငံရဲ့ဘဏ္ဍာက လိုက်လျောနိုင်တဲ့ အတိုင်းအတာက အနိမ့်ဆုံးမှာ ရှိနေတာဗျ"ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။

"အဲဒါဟာ စိုးရိမ်စရာ ကောင်းတဲ့ အချက်လို့ ကျွန်တော်ထင်တယ်ဗျာ"

နှလုံး၊ ဆီးချို ကျောက်ကပ်၊ လေဖြတ် စသည့် ရောဂါတို့ဖြင့် သေဆုံးခဲ့သည့် ဦးဇော်ကြီးအတွက် မသေဆုံးမီစပ်ကြား ဆေးရုံတက်ခြင်း၊ အခန်းခ၊ စားသောက်စရိတ်၊ သန့်ရှင်းရေးအခ၊ သွေးစစ်ခြင်း၊ အသက်ရှူစက် စသည်တို့အတွက် စုစုပေါင်း ကျပ်သိန်း ၂၀ ကျော် ကုန်ကျခဲ့သေးသည်။

အဆိုပါ ပမာဏသည် သာမန် မြန်မာမိသားစုတစ်ခုအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

"ကလေးသုံးယောက် ထိုင်းမှာအလုပ် သွားလုပ်တာ ဆေးကုရင်း ကုန်တာပဲ။ အိမ်လည်း အခွံပဲရှိတော့တယ်"ဟု ဇနီး ဖြစ်သူ ဒေါ်မော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ ကျန်းမာရေး အာမခံများ ထားရှိခွင့် ပြုခဲ့သည်။ အနည်းဆုံး ကျပ်ငါးသောင်းဖြင့် ယူနစ်တစ်ခုကို ၀ယ်ယူနိုင်ပြီး ဆေးရုံတက်
ဆေးကုသမှု ခံယူ ရပါက တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ရက်ပေါင်း ၃၀ အထိ အာမခံအတွက် ရရှိမည်ဖြစ်သည်။

အကယ်၍ သေဆုံးခဲ့လျှင် ကျပ် ၁၀ သိန်း ရရှိမည်ဖြစ်သည်။

သို့သော် ပြည်သူအများ စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ တစ်နှစ်ကျော် ကာလအတွင်း ကျန်းမာရေး အာမခံ ယူနစ်ပေါင်း ငါးထောင်ဝန်းကျင်သာ ရောင်းချနိုင်သေးသည်။ အာမခံကြေးမှ ရရှိငွေသည် ဆေးရုံတက်၊ ဆေးကုသမှု ခံယူခြင်းအတွက် ကုန်ကျစရိတ်ကို မကာမိခြင်းက ယင်းလုပ်ငန်းအပေါ် စိတ်ဝင်စားမှု နည်းပါးစေခြင်း အကြောင်းရင်း ဖြစ်သည်။

ကျန်းမာရေးနှင့် လူမှုစီးပွားရေးသည် စပ်ဆက်နေခြင်းကို ပညာရှင်များ အပါအဝင် ပြည်သူများကလည်း နားလည်သဘောပေါက်သည်။

ဆင်းရဲချို့တဲ့မှုကြောင့် အဖိုးနှုန်း သက်သာမှုကို ရွေးချယ်ရ၊ လုံလောက်သည့် အာဟာရကိုမရ၊ ဤသို့ဖြင့် ကျန်းမာရေးချို့တဲ့၊ ကောင်းမွန်သည့် ဆေးဝါးကုသမှုကိုလည်း မခံစားရ၊ အလုပ်လည်း မလုပ်နိုင်၊ ယင်းကြောင့် ဆင်းရဲ။ ထိုသို့ဖြင့်ပင် အဆိုး သံသရာ လည်နေတော့သည်။

"အဲဒီသံသရာတော့ လိပ်ပတ်လည် နေဦးမှာပဲဗျ"ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။

အဆိုပါ အခြေအနေအတွင်း ပြည်သူလူထုသို့ ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အထက်ပါ ပညာရှင်တို့က ထောက်ပြသည်။ ပြည်သူများထဲတွင် ကျောင်းသူ ကျောင်းသားများအထိ ပါဝင်သည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် ပြည်သူလူထုကို အသိပညာပေးသည့် ဌာနတစ်ခုကို သီးခြားဖွဲ့စည်းကာ လုပ်ကိုင်သင့်ကြောင်း အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားရေးရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဇော်လင်းထွဋ်က ဆိုသည်။

သူ့အဆိုအရ လက်ရှိတွင် ကျောင်းကျန်းမာရေးအဖွဲ့ဟူ၍ ရှိသော်လည်း အလုပ်မဖြစ်လှ။

"ဘယ်လိုဖြစ်လဲဆိုတော့ ဆရာဝန်တွေအတွက် နားခိုတဲ့နေရာ ဖြစ်နေတယ်။ ဆရာဝန်တွေ အလုပ်သိပ်များလို့ ၊ အကြောင်း ကြောင်းကြောင့် ဖြစ်စေပေါ့နော် ဒါနားခိုတဲ့ နေရာကြီး ဖြစ်နေတယ်"

ပြည်သူများအနေနှင့် ကျန်းမာရေး အသိပညာ ရရှိရန်အတွက် စာဖတ်ရန် လိုအပ်မည်ဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ သတင်းစာ၊ ဂျာနယ်များ ဖတ်ရှုရန် လိုအပ်သည်ဟု ဒေါက်တာ ခင်မောင်တင်က ဆိုသည်။ ယင်းအပြင် အစားအသောက်ကို စားသင့်သည်ထက် စားချင်သည်များကို စားသောက်နေကြသည် ကလည်း
ပြဿနာတစ်ခုဟု ဒေါက်တာခင်မောင်တင်က ဆိုသည်။

"အခု လူတွေစားနေတာ WANT (စားချင်တာ) ပဲ စားနေတာ၊ NEED (လိုအပ်တာ) ကို မစားဘူး" ဟု ၎င်းက ဆိုသည်။

နယ်ဒေသတစ်ခုတွင် တာဝန် ထမ်းဆောင်နေသည့် အလယ်တန်းပြ ဆရာမတစ်ဦးကို တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် ပတ်သက်၍ The Voice က မေးမြန်းကြည့်ရာသူ့အနေနှင့် နေ့စဉ် ချက်ပြုတ် စားသောက်သည့် အစားအစာများတွင် တစ်ပတ်လျှင် လေးရက်ခန့်က ခန္ဓာကိုယ် အာဟာရထက် အရသာရှိစေမည့် အစားသောက်ကို ရွေးချယ်လေ့ရှိသည်ဟု ဆိုသည်။

အရှိန်အဟုန်နှင့် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ လူမှုဘဝ စားသောက်၊နေထိုင်မှု ပုံစံတို့လည်း လိုက်ပါ ပြောင်းလဲလာနေသည်။

အချိန်ကုန် သက်သာစေသည့် အသင့်စား အစားများအပေါ် မှီခိုအားထားလာခြင်းသည်လည်း အထက်ပါ ရောဂါများ ဆီ တွန်းပို့နေခြင်းဖြစ်သည်။

"ဗဟုသုတ ရှိရုံနဲ့ မရဘူး။ လိုက်နာရမယ်။ လေ့ကျင့်ရမယ်။ အပြုအမူတွေ ပြောင်းရမယ်"ဟု ရန်ကုန်မြို့ အခြေစိုက် ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းမှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ဆိုသည်။

အချို့ရောဂါများသည် စားသောက်မှု အလွဲကြောင့် ချက်ချင်းလက်ငင်း ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ကာလရှည်ကြာလာသည့် အခါမှ ရောဂါ ဖြစ်ပေါ်လာတတ်ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်လွင်လွင်မင်း အနေနှင့် သူနေထိုင်ရာ ပြွန်တန်ဆာမြို့မှ ခရီးစရိတ်၊ ဆေးကုသမှု စရိတ်ကြီးလှသည့် ရန်ကုန်မြို့သို့ လာရောက် ဆေးကုသမှုခံရခြင်းသည် မလွယ်ကူလှပါ။

သို့သော် သည်းခြေအိတ် ကျောက်တည်ကာ အစာအိမ် မကောင်းသည့် ရောဂါအတွက် မလာလျှင်လည်း မဖြစ်ပေ။

ကျောင်းဆရာမ တစ်ဦးပီပီ နံနက်တွင် ကျောင်းတက်၊ စာသင်၊ ကျောင်းဆင်းလျှင်တောင်မှ အိမ်မပြန်နိုင်သေးဘဲ အဖြေလွှာများစစ်၊ ညနေ ၅ နာရီဝန်းကျင်မှ အိမ်ပြန်ရောက်၊ မိသားစု အလုပ်များနှင့် လုံးပန်းနေခဲ့ရင်း ယခုအရွယ်တွင် အဆိုပါ ရောဂါကို ရရှိခဲ့သည်။

ကလေးအရွယ်က ဗိုက်အောင့် ဗိုက်နာလေ့ ရှိခဲ့သော်လည်း ကာလရှည်စွာ ပျောက်ကင်းနေခဲ့ပြီး ယခုအရွယ်တွင်မှ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

အကြောင်းရင်းသည် မည်သည်ဟု သူမသိပေ။ ယင်းအပြင် ခင်ပွန်းဖြစ်သူတွင်လည်း ဆီးချိုရောဂါ ရှိနေသည်မှာ ခြောက်နှစ်ခန့် ရှိပြီဖြစ်သည်။

"အားလုံးကို အသိပညာပေးဖို့ အရေးကြီးတယ်လို့ပဲ မြင်ပါတယ်။ မိသားစုတစ်စုလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စပဲ" ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။

"ဒါတွေ စားသုံးတဲ့အတွက် ဒီဥစ္စာတွေ ဖြစ်ပါတယ်ဆိုတာကို သူတို့ မယုံကြည်တာလည်းပါတယ်"

အထက်ပါ ရောဂါများအကြောင်း ပြောလျှင် အစားအသောက်အပြင် နေမှုထိုင်မှု ကိစ္စသည်လည်း ချန်ထားရစ်၍ မရသည့် ကိစ္စဖြစ်သည်။

ယနေ့ခေတ် လူသားသည် အများစုက ခန္ဓာကိုယ်ကို လှုပ်ရှားမှုအပိုင်းတွင် အားနည်းလာပြီဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်တို့က ဆိုသည်။

အများပြည်သူများ လှုပ်ရှားဆော့ကစားရန် အားကစားကွင်းနှင့် အပန်းဖြေနေရာများ နည်းပါးလာခြင်းကို လူအများက ဖန်တစ်ရာ တေအောင်ပင် ပြောဆို ဝေဖန် ခဲ့ပြီးဖြစ်သည်။

ယင်းအပြင် စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင်ပါ အားကစား လှုပ်ရှားမှုများ ယခင်ထက် ကျဆင်းခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ ဆေးကုသမှုများ ပြုလုပ်ခဲ့သည့်အပြင် ဆေးရုံအုပ်ချုပ်မှု အတွေ့အကြုံပါ ကြွယ်ဝလှသည့် ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်တင်ကတော့ မြန်မာ့ လူ့အဖွဲ့အစည်း၏ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍တော့ အားမရလှပါ။ ပညာရှင်တစ်ဦး၏ အနေနှင့် ထောက်ပြစရာများကလည်း တစ်ခုပြီးတစ်ခု။

"ဆိုကြပါစို့၊ ဆီးချိုရောဂါအသင်း၊ သွေးတိုးရောဂါအသင်း၊ သူက ရောဂါဖြစ်တဲ့သူက ငါဘယ်လို နေလာခဲ့တာဟ၊ ဘာဟ၊ အဲဒီလိုမျိုး"ဟု ၎င်းက ဆိုသည်။

ယင်းသို့သော အသင်းအဖွဲ့များ ဖွဲ့စည်းပြီး အတွေ့အကြုံများကို ဆွေးနွေးခြင်းဖြင့်လည်း ကာကွယ်မှုအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု ဆိုသည်။

နိုင်ငံတကာတွင် Health Econo-mics (ကျန်းမာရေးဘောဂဗေဒ) ဘာသာရပ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသေးခြင်းကလည်း အားနည်းချက်ဟု ၎င်းကဆိုသည်။ ယင်းအပြင် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းမျိုးတွင်လည်း ပြုကြလေ့မရှိ။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါတစ်ခုဖြစ်လျှင် ဆေးကုသလျှင် မည်မျှကုန်ကျမည်၊ အချိန်မည်မျှကြာမည်၊ ဆေး ကုသမှု ခံယူနေစဉ်အတွင်း အလုပ် မလုပ်နိုင်ခြင်းကြောင့် စီးပွားရေးကို မည်မျှထိခိုက်မည်၊ ယင်းကြောင့် ရောဂါမဖြစ်ပွားစေရန် မည်သို့ ရှောင်လွှဲမည် စသည့် တွက်ချက်မှုမျိုး ဖြစ်သည်။

ရောဂါ ဖြစ်စရာများက လူမှုပတ်ဝန်းကျင်တွင် အနေအထား အမျိုးမျိုးဖြင့် ရှိနေပါသည်။ လက်ရှိ လူထုအတွင်း တွင်ကျယ်လာသည့် လက်ကိုင် တယ်လီဖုန်းများ၏ အန္တရာယ်သည်လည်း မသေးလှပေ။

တယ်လီဖုန်းမှ ထွက်ရှိသည့် ရေဒီယိုလှိုင်းများက ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးအောင့်ခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်းများ ဖြစ်ပေါ်စေနိုင်ပြီး ဦးနှောက် ဆိုင်ရာ ရောဂါများ၊ နှလုံး ရောဂါများအပြင် မျိုးဆက်ပွား ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ကြောင်း ကျန်းမာရေး ပညာရှင်တို့က မကြာခဏ သတိပေးထားသည်။

အထူးသဖြင့် ကလေးငယ်များအတွက် ပို၍ပင် အန္တရာယ်။

ယင်းရောဂါများ အကြောင်းပြောလျှင် ဇီကာသည် နောက်တန်း တစ်နေရာတွင် ချောင်ကပ်နေပါလိမ့်မည်။

ဇီကာသည် ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါဖြစ်ရာ ဆင်ခြေထောက်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့် ရောဂါများအတွက် ကြိုတင် ကာကွယ်သည့် နည်းလမ်းများနှင့် မြန်မာတို့က ယဉ်ပါးကျွမ်းဝင် ရှိနေခဲ့ပြီးဖြစ်ကြောင်း ဒေါက်တာခင်မောင်တင်က ဆိုသည်။

ရေပုံး၊ ရေကန်၊ ရေတိုင်ကီ၊ ရေအိုးများကို နေ့စဉ် သန့်ရှင်းရေးလုပ်ခြင်း၊ အဖုံးဖုံးခြင်း စသည့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်မှုများ၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း စသည်တို့မှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါများကို ကာကွယ်သည့် နည်းများပင် ဖြစ်သည်ဟုဆိုသည်။

"ဇီကာထက် ပိုကြောက်ဖို့ ကောင်းတာတွေက အများကြီးရှိပြီးသားပါ"ဟု ၎င်းက ဆိုသည်။

From : the voice myanmar - အောင်မျိုးထက်၊ ရလေး

Originally published at - http://thevoicemyanmar.com/opinion/1687-opinion

No comments:

Post a Comment