ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 6, 2016

သင့်နားကို ဒုက္ခပေးနေတဲ့ ပတ်ဝန်းကျင်က အသံတွေ




သင့်ရဲ့ နားတွေဟာ အလွန် တိုးလွန်း ရင်လည်း မကြားနိုင် သလို အလွန် ကျယ်လောင်တဲ့ အသံ ဆိုရင်လည်း မကြားနိုင် တော့ပါဘူး။ နေ့စဉ်နေ့တိုင်း ကြားနေ ရတဲ့ သင့် ၀န်းကျင်က အသံတွေက သင့်နားကို ပင်းတဲ့ အထိ၊ အကြားအာရုံ ပျက်စီးစေတဲ့ အထိ ဒုက္ခပေးနိုင်တဲ့ အကြောင်း ပြောပြ ချင်ပါတယ်။

အရာဝတ္ထုတွေ တုန်ခါရာက ထွက်ပေါ်လာတဲ့ အဲဒီ အသံရဲ့ အတိုး၊ အကျယ်ကို ဒက်ဆီဘယ်လ် ယူနစ်နဲ့ တိုင်းတာ ပါတယ်။ တနေရာကို တစက္ကန့် အတွင်း ဖြတ်သွားတဲ့ အသံလှိုင်း အရေ အတွက်နဲ့ တိုင်းတာခြင်း ဖြစ်ပါတယ်။

အကြားအာရုံကို ပျက်စီးစေတဲ့ အသံများ

သင့် ၀န်းကျင်က အသံတွေဟာ ကလေး သူငယ်ကနေ၊ ဆယ်ကျော်သက်များ အပါ အ၀င် အသက်ကြီးတဲ့ လူတွေကိုပါ အကြား အာရုံ ပျက်စီးစေတဲ့ အထိ ဒုက္ခပေး
နေပါတယ်။

ပျမ်းမျှ အားဖြင့် အသက် ၂၀ ကနေ ၆၉ ကြားရှိ အမေရိကန် ၂၆ သန်း၊ တနည်းအားဖြင့် အမေရိကန် လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်က အသံ တွေကြောင့်နဲ့ အပန်းဖြေ ရာမှာ အသုံးပြုတဲ့ အီလက်ထရောနစ် အပါ အ၀င် တခြား အသံ တွေကြောင့် အကြား အာရုံ ပျက်စီးနေ ရပါတယ်။

ပြီးတော့ အသက် ၁၂ နှစ် ကနေ ၁၉ နှစ်ကြား လူငယ် ၁၆ ရာခိုင်နှုန်း ဟာလည်း ၀န်းကျင်က ဆူညံ သံတွေကြောင့် အကြား အာရုံ ချို့ယွင်းနေ ရတယ်လို့ အမေရိကန်
ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟို (Centers for Disease Control and Prevention – CDC) ရဲ့ ၂၀၁၀ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ တိကျတဲ့ စာရင်းဇယား မရှိပေမယ့် ခန့်မှန်း ထားတာထက် ပိုမို ကျော်လွန်တဲ့ အရေ အတွက် ရှိနေနိုင် ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အသံချဲ့စက် အပါအ၀င် အသံညစ်ညမ်းမှုကို ပိုမို ဖြစ်စေတဲ့ စက်ပစ္စည်း ကိရိယာတွေကို ဥပဒေနဲ့ အညီ မထိန်းချုပ်နိုင် သေးတာကြောင့် ဖြစ်တယ်။

ဒက်ဆီဘယ်လ် အမျိုးမျိုး

သင့်ဝန်းကျင်မှာ ကြားနေရတဲ့ အသံ အမျိုးမျိုးရဲ့ ဒက်ဆီဘယ်လ်တွေ အကြောင်း တင်ပြပေး ပါမယ်။


သင့်ဝန်းကျင်က စကားပြောသံတွေဟာ ဒက်ဆီဘယ်လ် ၃၀ လောက်ရှိပါတယ်။ သင့်ရဲ့ အကြားကို မထိခိုက်စေသလို ဆူညံသံလည်း မဟုတ်သေးပါဘူး။


ဒက်ဆီဘယ်လ် ၇၅ လောက်ရှိတဲ့ ပန်းကန်ဆေးစက်၊ အ၀တ်လျှော်စက်လိုမျိုးရဲ့ အသံကလည်း သင့် အကြားအာရုံကို မထိခိုက်စေပါဘူး။ ဆူညံသံလို့ မဆိုနိုင်သေးပါဘူး။


ဒါပေမယ့် ဒက်ဆီဘယ်လ် ၈၅ လောက် ရှိတဲ့ မြို့တွင်း မီးပွိုင့်တွေက ကားဟွန်းသံတွေကတော့ သင့် အကြားအာရုံကို ဒုက္ခပေးနိုင်ပါတယ်။ အဲဒီနေရာနဲ့ ပိုပြီး နီးလေလေ သင့်အကြားကို ဒုက္ခပိုပေးလေလေပါပဲ။


လက်တွန်း လမ်းကြိတ် စက်ငယ်လေးရဲ့ အသံကတော့ ဒက်ဆီဘယ်လ် ၉၀ ရှိပါတယ်။ အဲဒီလို စက်တွေနဲ့ အလုပ် လုပ်ရသူတွေ အနေနဲ့ Earplug သုံးဖို့ မမေ့ပါနဲ့။


မော်တော်ဆိုင်ကယ် တစီးရဲ့ ဆူညံမှုက ဒက်ဆီဘယ်လ် ၉၅ ရှိပါတယ်။ နားကို အကာအကွယ် မဖြစ်မနေပေးဖို့ လိုလာနေပါပြီ။


သင့်ဝန်းကျင်က စက်နဲ့ ရွေပေါ်ထိုးနေတဲ့ အသံတွေ၊ Drill နဲ့ နံရံတွေ ဖောက်တဲ့ အသံတွေ၊ လက်ကိုင် စပီကာနဲ့ ဈေးရောင်းတာတွေက ဒက်ဆီဘယ်လ် ၁၀၀ ရှိပြီး၊ ဒီအသံကို ၅ မိနစ် ထက် ပိုကြာပြီး ကြားနေ ရရင်တော့ သင့်ရဲ့ နားစည်ကို ထိခိုက် ပျက်စီးစေနိုင်တာ သတိပြုပါ။ နားကာ ပစ္စည်း သုံးပြီး ဒီ ကိရိယာတွေကို အသုံးပြု သင့်ပါတယ်။


ကက်ဆက်တွေ၊ ဟန်းဆက်တွေ၊ အမ်ပီသရီး အပါအ၀င် တခြား တကိုယ်ရည် နားထောင်နိုင်တဲ့ စက်တွေကို အသံကျယ်ကျယ် နားထောင်တာကလည်း ဒက်ဆီဘယ်လ် ၁၀၅ လောက်ရှိပြီး၊ သင့်ရဲ့ နားစည်ကို ဒုက္ခပေးပါတယ်။ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသံကို အမြန်လျှော့ချ ဖို့ သတိပေးလိုက်ပါတယ်။


စတိတ်ရှိုးပွဲတွေ၊ ကပွဲတွေ၊ ဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံတွေမှာ သုံးတဲ့ ဆောင်းဘောက်စ်နဲ့ အသံချဲ့စက် တွေက ၁၁၀ ဒက်ဆီဘယ် လောက် ထုတ်လွှတ် ပါတယ်။ တချို့ဆို ဒီထက်ပိုနိုင် ပါသေးတယ်။ ဒီလို ဖျော်ဖြေပွဲ တွေကို သွားရောက်မယ် ဆိုရင်တော့ earplugs တွေနဲ့ အကာ အကွယ်ယူဖို့ သတိပေး လိုက်ပါတယ်။


အရေးပေါ် လူနာတင်ယဉ်တွေနဲ့ မီးသတ်ကားတွေက ထွက်တဲ့ ဥသြဆွဲသံက ဒက်ဆီဘယ်လ် ၁၂၀ လောက်ရှိပါတယ်။ အဲဒီလို ဆူညံသံနဲ့ ဝေးကို ရှောင်ရမယ်၊ ဒါမှမဟုတ် နားအကာအကွယ် တခုတော့ အသုံးပြုရပါမယ်။


ဂျက်လေယာဉ်တွေ ပျံတက် ပျံဆင်းတဲ့ အခါမှာ ထွက်ပေါ်လာတဲ့ အသံတုန်နှုန်းက ဒက်ဆီဘယ်လ် ၁၄၀ ရှိပါတယ်။ သင့်အနေနဲ့ အဲဒီနေရာနဲ့ အနီးအနားမှာ ရှိနေရင်တော့ နားအကာအကွယ် တခု ၀တ်ဆင်ဖို့၊ ဒါမှမဟုတ် Earplugs တပ်ထားဖို့ အကြံပြုလိုက်ပါတယ်။


ဒက်ဆီဘယ် ၁၅၀ ရှိတဲ့ ဗျောက်အိုးဖောက်သံတွေ၊ သေနတ်ပစ်ဖောက်သံတွေကလည်း သင့်နားရဲ့ အကြားအာရုံကို ပျက်စီးစေနိုင်တာကြောင့် နားအကာတခုခုတော့ မဖြစ်မနေ တပ်ထားဖို့ လိုပါတယ်။


ဒီတော့ သင့်နားဟာ ဒက်ဆီဘယ် ၅ ကနေ ၉၅ အတွင်းသာ အဆင်ပြေပြေ ကြားနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။

ဒက်ဆီဘယ် ၅ ထက် နည်းသွားရင် သာမန် ကြားရဖို့ မလွယ်သလို ဒက်ဆီဘယ် ၉၅ ထက် ကျော်သွားပြီ ဆိုရင်တော့ ပါးလွှာတဲ့ သင့်နားစည်ကို စုတ်ပြတ်စေနိုင်ပြီး အကြားအာရုံကို ပျက်ယွင်းစေမှာ ဖြစ်တဲ့ အကြောင်း တင်ပြလိုက်ပါတယ်။

Source: nidc.nih.gov

အေဘယ်လ်

From : ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/08/06/120014.html

No comments:

Post a Comment