ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 23, 2016

ဇီကာဗိုင်းရပ်စ်ကို မိခင်လောင်းများ အထူး အလေးထားရန် အမေရိက ဒေသတွင်း နိုင်ငံများတွင် သတိပေးထား



အယ်လ်ဆာဗေးဒိုး နိုင်ငံတွင် နေအိမ်များ အတွင်း ခြင်နှိမ်နင်းမှုများ ပြုလုပ်နေစဉ်။

ဇီကာ ဗိုင်းရပ်စ်ကို အထူး အလေးထား သတိပြုကြရန် လက်တင် အမေရိကနှင့် ကာရေဘီယန် ဒေသရှိ ကိုယ်ဝန်ဆောင် မိခင်များကို သက်ဆိုင်ရာ နိုင်ငံ အာဏာပိုင် များက သတိပေး ပြောကြား ခဲ့သည်။

ခြင်မှ ကူးစက်တတ်သည့် အဆိုပါရောဂါပိုးသည် သန္ဓေသားအပေါ် ထိခိုက်နိုင်ပြီး မွေးဖွားချိန်တွင် ကလေး၏ဦးခေါင်းအရွယ် သေးငယ်ခြင်းကဲ့သို့ ဆိုးကျိုးများ သက်ရောက်စေနိုင်သည်။

ကိုလံဘီယာ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုးနှင့် ဂျမေကာနိုင်ငံများတွင် အမျိုးသမီးများအနေဖြင့် ဇီကာဗိုင်းရပ်စ်အကြောင်း ယခုထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် မသိရှိလာမှီ ကလေး မယူသင့်သေးကြောင်း အာဏာပိုင်များက အကြံပြုထားသည်။

ဇီကာဗိုင်းရပ်စ်သည် ဘရာဇီးတွင် စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ကိုလံဘီယာနှင့် အခြားသောဒေသတွင်း နိုင်ငံများကိုပါ ခြိမ်းခြောက်လာခဲ့သည်။ အဆိုပါဗိုင်းရပ်စ်ကြောင့် Microcephalyခေါ် မွေးရာပါချွတ်ယွင်းမှု ဖြစ်ပေါ်ကာ သာမန်ထက်သေးငယ်သည့် ဦးခေါင်းဖြင့် မွေးဖွားလာသူ ကလေးငယ် ၄၀၀၀ နီးပါးထိ ရှိလာပြီဟု သိရသည်။

အမေရိကန် ကျန်းမာရေး အာဏာပိုင်များ ကလည်း အမျိုးသမီးများ အနေဖြင့် ဇီကာရောဂါ ဖြစ်ပွားကြောင်း ဖော်ထုတ် တွေ့ရှိ ထားသည့် နိုင်ငံများသို့ လတ်တလော ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

ဇီကာရောဂါပိုးနှင့် Microcephaly တို့ တိုက်ရိုက်ဆက်စပ်မှုရှိမရှိ အတည်မပြုနိုင်သေးသော်လည်း ဖြစ်နိုင်ခြေရာခိုင်နှုန်း များပြားနေကြောင်း သိရသည်။ ထို့အပြင် အဆိုပါရောဂါပိုး ဦးနှောက်ထဲရောက်ရှိသဖြင့် သေဆုံးသည့် မွေးကင်းစကလေးများလည်း ရှိနေကြောင်း ဆေးမှတ်တမ်းများအရ သိရသည်။

ဇီကာဗိုင်းရပ်စ်သည် လူအချင်းချင်း အလွယ်တကူကူးစက်နိုင်သည့် သဘောသဘာဝမရှိဘဲ ရောဂါလက္ခဏာများမှာ တုပ်ကွေးဖြစ်ပွားမှုနှင့် ဆင်ဆင်တူသည်။ ကိုလံဘီယာတွင် ကျန်းမာရေးဝန်ကြီး အေလက်ဂျန်ဒရို ဂါဗီရီယာက အမျိုးသမီးများအနေဖြင့် ကလေးယူမည့် အစီအစဉ်ကို ၈ လမျှထိ ဆိုင်းငံ့ထားသင့်ကြောင်း တိုက်တွန်းခဲ့သည်။

“အခုက ဇီကာဗိုင်းရပ်စ်အကြောင်း ပိုသိလာအောင် အစွမ်းကုန်လုပ်နေကြပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တိုင်းကို တိတိကျကျဆက်သွယ် အသိပေးထားခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းလို့ ယူဆရပါတယ်။ ဒီရောဂါပိုးရဲ့ ဖြစ်နိုင်ခြေဆိုးကျိုးတွေကို လူတိုင်း သိထားသင့်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အဆိုပါအကြံပြုချက်ကို ဝေဖန်ခဲ့ကြပြီး ဒေသတွင်းအမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်မှုအတွက် ရွေးချယ်ခွင့်နည်းပါးကြောင်း ဆိုသည်။

Women’s Link Worldwide အဖွဲ့မှ မော်နီကာ ရိုအာက “အစိုးရက ဒီစကားပြောတာ တော်တော်တုံးလို့ပဲ။ ကိုလံဘီယာလို နိုင်ငံမျိုးမှာ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ဖို့ ဆိုင်းငံ့ရမယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒီနိုင်ငံမှာ ကိုယ်ဝန်ရလာတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းလောက်က ကြိုတင်မှန်းဆထားတာ မဟုတ်ဘူး။ ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိင်အကြမ်းဖက် မှုတွေ ကလည်း ရှိနေတယ်”ဟု ဝေဖန်ထောက်ပြ သွားသည်။

Ref: BBC

Originally published at - http://www.7daydaily.com/story/56383


No comments:

Post a Comment