
ဘိုဂိုတာ၊ ဧပြီ ၂၄
ကမ္ဘောဒီးယားတွင် ဇီကာပိုး ပျံ့နှံ့ဖြစ်ပွားမှု လျော့ကျ နေလင့်ကစား ပြီးခဲ့သည့်နှစ် အောက်တိုဘာ နောက်ပိုင်းမှ စကာ ကိုယ်ဝန်သည် ၁၃၀၀၀ နီးပါး အပါအဝင် ဇီကာပိုး ကူးစက်မှုနှင့် ပတ်သက်သည့် အမှုပေါင်း ၇၂၀၀၀ နီးပါး ရှိထားကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောသည်။
နောက်ထပ်အားဖြင့် မွေးဖွားကလေးငယ်တွင် ဇီကာပိုးနှင့် ဆက်စပ်ဖြစ်ပွားသည့် microcephaly ဆိုသည့် ဦးခေါင်းသေး ဦးနှောက်ပျက်စီးမှု ဖြစ်သည့် ကလေးငယ် လေးဦး ရှိကြောင်း အမျိုးသားကျန်းမာရေး သိပ္ပံက ထုတ်ပြန်သည်။
microcephaly ဖြစ်နိုင်ခြေရှိသည့် ကလေးငယ်ပေါင်းလည်း နောက်ထပ် ၂၂ ဦးရှိနေပြီး ယင်းကိုစစ်ဆေးလျက်ရှိသည်။ စက်တင်ဘာလအထိ ပုံမမှန်မွေးဖွားသည့်
ဖြစ်စဉ်ပေါင်း ၃၀၀ ခန့်ရှိကြောင်းလည်း ယင်းသိပ္ပံဌာနက ဖော်ပြသည်။
ယခင်က လများစွာ အငြင်းအခုံဖြစ်ခဲ့သည့် ဇီကာကြောင့် microcephaly ဖြစ်မဖြစ်ကို အမေရိကန်ကျန်းမာရေးအာဏာပိုင်များက ဖြစ်နိုင်သည်ဟု အတည်ပြု ထားပြီး ပြင်းထန်ဆိုးဝါးသည့် ဦးနှောက်ပျက်စီးမှုလည်း ဇီကာပိုးကြောင့် ဖြစ်ရကြောင်း အတည်ပြုလိုက်သည်။
အောက်တိုဘာလမှ စတင်ဖြစ်ပွားသည့် ဇီကာပိုးကူးစက်မှုကို ဓာတ်ခွဲခန်းများ အတည်ပြုချက်အရ ၃၂၉၂ ဦးရှိပြီး သံသယရှိထားမှုပေါင်းက ၆၈၆၆၀ ရှိကြောင်း သိရသည်။
ကိုယ်ဝန်ဆောင် ဇီကာဖြစ်ပွားမှုက စုစုပေါင်း ၁၇၀၃ ဦးရှိကြောင်း အတည်ပြုထားနိုင်ကာ စောင့်ကြည့်စစ်ဆေးလျက်ရှိသည့် ကိုယ်ဝန်ဆောင်သည်ပေါင်းက ၁၁၀၉၉ ဦးရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
ဇွန်လအကုန်တွင် ဇီကာဖြစ်ပွားမှုက သုံးဆ များပြားလာမည်ဟု ကမ္ဘောဒီးယားတွင် ယခင်က ခန့်မှန်းထားခဲ့သော်လည်း လက်ရှိတွင် ဖြစ်ပွားပျံ့နှံမှု မမျှော်လင့်ဘဲ ကျဆင်းလျက်ရှိသည်ဟု အစိုးရက အတည်ပြုပြောကြားသည်။
မဇ္ဈိမသတင်း by - စီအင်န်အေ
Originally published at - http://mizzimaburmese.com/article/13495

No comments:
Post a Comment